Friday, 20 May 2016 09:08

လျှပ်စစ်မီးမရရှိသေးသည့် ဒေသများအား ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်မီးပေးဝေနိုင်ရေး စတင်ဆောင်ရွက်

Written by
Rate this item
(0 votes)


နိုင်ငံတစ်ဝှမ်း လျှပ်စစ်မီးမရရှိသေးသည့် ဒေသများအား လျှပ်စစ်မီးပေးဝေနိုင်ရေးအတွက် အခြေခံလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်းမန်နေဂျာ ဒုတိယအင်ဂျင်နီယာ ချုပ် ဦးသူရအောင်ဘို ကပြောသည်။

 

“၂၀၁၆ ခုနှစ် မတ်လ အထိကို အိမ်ထောင်စုပေါင်း ၃ ဒသမ ၆၉ သန်း ဘဲမီးရပါလိမ့်မယ် ၊ မီးလင်းရန်ကျန်တဲ့ အိမ်ထောင်စုကတော့ ၇ ဒသမ ၂ သန်း ကျန်ပါတယ်၊ အဲ့ဒီတော့ တနိုင်ငံလုံးမီးရဖို့ဆိုရင် အဲ့ဒီ ၇.၂သန်းမီးရဖို့ ဆိုရင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ လောက်လိုအပ်မှာဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၉ သန်းဝန်းကျင်ခန့် ရှိပြီး လျှပ်စစ်မီးရရှိပြီးသည့် အိမ်ထောင်စု ပေါင်း ၃ ဒသမ ၆၉ သန်းသာရရှိကာ ၇ ဒသမ ၂ သန်းသော အိမ်ထောင်စုသည် လျှပ်စစ်မီးလိုအပ်လျှက်ရှိ ကြောင်းသိရသည်။

“ဒီလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရရှိထားပြီးဖြစ်ပါ တယ်၊ အဲ့ဒီ သန်း ၄၀၀ ထဲကမှ သန်း ၉၀ ကကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနကသုံးစွဲမှာ ဖြစ်ပါတယ်” ဟု လည်း ၄င်းက ရှင်းပြသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ တွင် ချေးငွေယူပြီးချိန်မှစ၍ ပထမ ၅ နှစ် စီမံကိန်း စတင်ဆောင်ရွက်နေကြောင်းလည်း ၄င်းက ဆိုသည်။

“ငါးနှစ်အတွင်းမှာတော့ ၁ ဒသမ ၇ သန်းသော အိမ်ထောင်စုကို လျှပ်စစ်မီးပေးဖို့ လုပ်တယ်၊ ကန်ဒေါ်လာ သန်း ၆၇၀ လိုတယ်၊ ဒါပေမယ့် လက်ရှိယူထားတာ ကန်ဒေါ်လာ သန်း ၃၁၀ ရှိတယ်၊ ကမ္ဘာ့ဘဏ်က သုံးတဲ့အပေါ်မူ တည်ပြီးတော့ ထပ်ပေးမယ် ပြောထားတာရှိပါတယ်၊ အဲ့ဒီတော့ ကျွန်တော့်တို့ သုံးနိုင်ရင် ရွာတွေ အိမ်ထောင်စု ၁ ဒသမ ၇ သန်း လုံးမီးပေးနိုင်မယ်” ဟု ဦးသူရအောင်ဘိုက ချေးငွေကိစ္စအား ရှင်းပြသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာ သန်း ၃၁၀ ၏ ပထမငါးနှစ်စီမံကိန်းသည် ဓါတ်အားစနစ်နှင့် ၂ မိုင်အတွင်း ကျေးရွာများအား ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

“အဲ့ဒါပြီးရင် ဓါတ်အားစနစ် ၂ မိုင်မှ ၅ မိုင်အတွင်း ကျေးရွာတွေကို မီးပေးဖို့အတွက် ဆောင်ရွက်မှာဖြစ်ပါတယ်၊ တတိယအဆင့် ၅ မိုင်မှ ၁၀ မိုင်အတွင်းကျေးရွာတွေကို မီးပေးဖို့ဆောင်ရွက်မယ်၊ ၁၀မိုင်ကျော်သွားရင် ၁၁ ကေ ဗွီ လိုင်းတွေရဲ့ နည်းပညာအရ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ၆၆ ၊ ၃၃ကေဗွီ ဓါတ်အားခွဲရုံတွေ တိုးချဲ့ပြီး တော့ ၁၁ ကေဗွီလိုင်းတွေ ထပ်ဆွဲပြီး စတုတ္ထအဆင့်အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးသူရအောင်ဘိုက ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၉၉ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိရေး ရည်မှန်းချက်ထား ဆောင်ရွက်မှုအပေါ် ကမ္ဘာ့ဘဏ်မှ ဖြစ်နိုင်ချေများအား လေ့လာရာတွင် ပထမ ၅ နှစ်စီမံကိန်း စတင်ဆောင်ရွက်မည်ဖြစ်ပြီး ယင်းစီမံကိန်းကာလအတွင်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများနှင့် အိမ် ထောင်စုများအား လျှပ်စစ်မီး ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

“စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၇၀ လောက်လိုမယ်လို့ မျှော်မှန်းပါတယ်၊ လက်ရှိတော့ ကမ္ဘာ့ဘဏ်ချေး ငွေနဲ့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကို ၂၀၁၅ခုနှစ် နိုဝင်ဘာလမှာ ရရှိထားပြီးဖြစ်ပါတယ်၊ ချေးငွေစာချုပ် လည်း လက်မှတ်ထိုးပြီးဖြစ်ပါတယ်” ဟု ဦးသူရအောင်ဘိုက ဆိုသည်။

ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာ သန်း ၉၀ ရရှိထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနမှလည်း လျှပ်စစ်မီးမရရှိ နိုင်သေးသည့် ကျေးလက်ဒေသများသို့ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်မည် ဖြစ်ခြင်းကြောင့် ဝန်ကြီးဌာန နှစ်ခုအနေဖြင့် တစ်ပြိုင်တည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဓါတ်အားစနစ်ရောက်တဲ့ ပြည်နယ်နဲ့ တိုင်းအကုန်လုံး လျှပ်စစ်မီးရမယ်၊ ၂၀၁၆-၁၇ဘဏ္ဍာနှစ်နဲ့ ၁၇-၁၈ ဘဏ္ဍာ နှစ်၊ ၂ နှစ်အတွင်းရမယ်၊ အဲ့ဒီမီးပေးတဲ့အချိန်မှာ ကျေးရွာပေါင်း ၅၀၈၀ ရမယ်၊ ကျန်တာတွေက အရှိန်ရလာတာ နဲ့အမျှ တစ်ပြိုင်နက်ထဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးသူရအောင်ဘိုက ပြောသည်။

Credit To >>> The Ladies News Journal

Read 6528 times