Thursday, 09 February 2017 10:25

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို တဖြည်းဖြည်းလျှော့ချပြီး ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဖြင့် ပုဂ္ဂလိက ကဏ္ဍပိုမိုဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည်ဟု ဒုတိယသမ္မတ ပြောကြား

Written by
Rate this item
(0 votes)
အရေးကြီးသည့် လုပ်ငန်းများမှအပ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို တဖြည်းဖြည်းလျှော့ချပြီး ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍ ပိုမိုဖွံ့ဖြိုးအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၌ ဖေဖော်ဝါရီ ၈ ရက်ကကျင်းပသည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆွေးနွေးမှာကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
 
ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံ့စီးပွားရေးကို အဓိကမောင်းနှင်ရမည့် စီးပွားရေးအင်အားစု ဖြစ်သည့်အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သည့် နေရာတွင် လုပ်ငန်းနယ်ပယ်အရ ကျယ်ဝန်းသည့်အတွက် စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီနှင့် မြန်မာနိုင်ငံပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်ကို သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများ ပူးပေါင်းရေးဆွဲနေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
 
ထို့ပြင် နိုင်ငံစီးပွားရေး လုပ်ငန်း၏ ရာခိုင်နှုန်း ၉၀ သည် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများဖြစ်သည့်အတွက် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အဓိကမောင်းနှင်အားဖြစ်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရာ၌ ပုဂ္ဂလိကကဏ္ဍမှာရှိသည့် လုပ်ငန်းရှင်များသာမက ကျွမ်းကျင်ပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးကြောင်း၊ အဆိုပါအခန်းကဏ္ဍမှ အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတကာ ဈေးကွက်ထိုးဖောက် ယှဉ်ပြိုင်နိုင်ရေးတို့တွင် အဓိကအရေးပါသည်ကိုလည်း တွေ့ရကြောင်း ဒုတိယသမ္မတက ပြောကြားသည်။
 
ထို့အတူ ဒုတိယသမ္မတက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ပါက နိုင်ငံတော်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည်သာမက ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အလေးအနက်ထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မဏ္ဍိုင်ငါးရပ်ဖြစ်သည့် ပထမအချက်အနေဖြင့် ပုဂ္ဂလိကကဏ္ဍဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းများ အရည်အသွေး တိုးတက်ကောင်းမွန်လာစေရေးနှင့် အငြင်းပွားမှု ဖြေရှင်းခြင်းတို့အတွက် ကောင်းမွန်သော အစီအမံများ ချမှတ်နိုင်ရန် မူဝါဒလမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊ ညှိနှိုင်း ပေါင်းစပ်ဖြေရှင်းပေးခြင်း၊ ဒုတိယအချက် အနေဖြင့် ငွေကြေးဆိုင်ရာ ကဏ္ဍနှင့်စပ်လျဉ်း၍ ပိုမိုပွင့်လင်းမြင်သာမှုရှိသည့် မူဝါဒများနှင့် စည်းမျဉ်းများ ရေးဆွဲနိုင်ရန် မူဝါဒလမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ပေးခြင်းတို့ကို အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
 
ဆက်လက်၍ တတိယအချက်အနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာစေရန် မူဝါဒလမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ စတုတ္ထအချက်အနေဖြင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေး၊ ခိုင်မာသော အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ်တို့အတွက် မူဝါဒလမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ပဉ္စမအချက်အနေဖြင့် လူ့စွမ်းအား အရင်းအမြစ် ပိုမိုကောင်းမွန်လာရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မူဝါဒလမ်း ညွှန်ချက်များချမှတ်ပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
 

 Credit To >>> Eleven Media Group

Read 809 times
You are here:   HomeALL NewsLocal Newsနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို တဖြည်းဖြည်းလျှော့ချပြီး ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဖြင့် ပုဂ္ဂလိက ကဏ္ဍပိုမိုဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည်ဟု ဒုတိယသမ္မတ ပြောကြား