Tuesday, 26 April 2016 10:09

ကျွန်းသစ်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းရန် ဆောင်ရွက်မည်

Written by
Rate this item
(0 votes)

တရားမဝင်ခုတ်ယူမှု ပမာဏ မြင့်မားနေခြင်းကြောင့် ကျွန်းသစ်အရေအတွက် လျော့နည်းလာနေရာ ယခုနှစ်အတွင်းမှစ၍ ကျွန်းသစ်ကို လုံးဝထုတ်ယူခြင်း မရှိပဲ ရပ်ဆိုင်းနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ပြောကြားသည်။

လက်ရှိသစ်တောများအတွင်း၌ အမျိုးအစားကောင်းမွန်သည့် ကျွန်းသစ်အရေအတွက်မှာ အလွန်လျော့နည်းနေသည့်အတွက် အချိန်မီ ပြန်လည်ပြုစုထိန်းသိမ်းသည့်လုပ်ငန်းများကို ပထမ ဦးစားပေးအဆင့်အဖြစ် ပဲခူးရိုးမဒေသတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ကျွန်းကတော့ တော်တော်နည်းသွားပါပြီ။ တွက်ချက်မှုအရ တစ်နိုင်ငံလုံးမှာ ဒီနှစ်အတွက် ကျွန်းပင်တစ်သောင်းကိုးထောင်လောက်ပဲ ထုတ်လုပ်နိုင်တော့မယ်”ဟု ဒေါက်တာညီညီကျော်ကဆိုသည်။

ယင်းသို့ သစ်တောများ ပြုန်းတီးလာနေခြင်းကြောင့် ယခုနှစ်တွင် ကျွန်းသစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဖြစ်ပြီး အခြားသစ်မာ ထုတ်လုပ်မှုကိုလည်း ယခင်ကထုတ်ယူပြီး ပြည်တွင်းလက်ကျန်စာရင်းများကို စိစစ်ကာ ပြည်တွင်းလိုအပ်ချက်အရသာ ထုတ်ယူသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

“မြန်မာ့ကျွန်းသစ်တန်ဖိုးက ဈေးကွက်မှာလည်း ကျဆင်းနေတယ်။ ဒါကြောင့် နှစ်စဉ်ထုတ်လုပ်နေတာကိုရပ်ပြီး အနားပေးပြုစုဖို့လိုတယ်။ မဟုတ်ရင် လုံးဝပြုန်းတီးသွားလိမ့်မယ်”ဟု သစ်တောပညာရှင် ဒေါက်တာကျော်တင့်က သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာမှာ ၁၉၉ဝ ပြည့်နှစ်တွင် ၅၇ ရာခိုင်နှုန်းကျော်ရှိရာမှ ၂ဝ၁၅ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

# The Voice Weekly 

Read 1358 times
You are here:   HomeALL NewsLocal Newsကျွန်းသစ်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းရန် ဆောင်ရွက်မည်