လင်းရောင်ခြည်

လင်းရောင်ခြည်

အစိုးရသစ်၊ သမ္မတသစ်လက်ထက်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဖော်ဆောင်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဆိုပြု.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ်၊ နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော် လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများအား အထွေထွေလွတ် ငြိမ်းချမ်းသာခွင့် ဖော်ဆောင်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများက မတ် ၃၀ ရက် တွင် အဆိုပြု ပြောကြားသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံး၌ ကျင်းပသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဆရာဝန်များက ပြုစုစောင့်ရှောက်ပေးမည့် ရှေ့ပြေးလုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံရေးအကျဉ်းသားရေးရာ အဖွဲ့အစည်းများနှင့်နိုင်ငံရေး အကျဉ်းသားဟောင်းများက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အိုင်တီနယ်ပယ်မှ စွန့်ဦးတီထွင်လိုသူများကို Lithan Group က အမေရိကန်ဒေါ်လာ ၃ သန်း ကူညီမည်
နည်းပညာနှင့် ပတ်သက်၍ စွန့်ဦးတီထွင်မှုများ ပေါ်ပေါက်လာစေရန် Lithan Group က အမေရိကန်ဒေါ်လာ ၃ သန်း ထောက်ပံ့မှု ပြုလုပ် သွားမည်ဟု ကြေညာခဲ့သည်။

အချိန် ၃ နှစ်အတွင်း Startup ပေါင်း ၁၀၀ ကျော်နှင့် ပညာရှင်ပေါင်း ၄၀၀ ကျော် ပေါ်ထွက်လာစေရန် Lithan Group က အမေရိကန်ဒေါ်လာ ၃ သန်းကို အသုံးပြုသွားမည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဇွန်လမှ စတင်၍ Startup များနှင့် ပညာရှင်များ ပေါ်ပေါက်လာစေရန် သင်တန်းပို့ချခြင်းကို ပြုလုပ်သွားမည်ဖြစ်ပြီး အရည်အချင်းရှိသော စွန့်ဦးတီထွင်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုအပြင် အခြားသော ကူညီထောက်ပံ့မှုများလည်း ပြုလုပ်ပေးသွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အစီအစဉ်ကို Lithan Technopreneur Accelerator ဟု အမည်ပေးထားပြီး ပထမဦးဆုံး သင်တန်းအတွက် လျှောက်လွှာများ ရန်ကုန်မြို့ရှိ Lithan တက္ကသိုလ်ကျောင်းတွင် လက်ခံနေခြင်း ဖြစ်သည်။ စွန့်ဦးတီထွင်ခြင်းများ ပြုလုပ်နိုင်မည့် ပညာရှင်အဆင့်သို့ရောက်ရှိရန် အဆင့်သုံးဆင့်ဖြင့် ၉ လအကြာ ကျော်ဖြတ်ရမည်ဖြစ်ပြီး အရည်အချင်း ပြည့်မီသူများကို ငွေကြေးထောက်ပံ့မှုနှင့်အတူ ဈေးကွက်အတွင်း ထိုးဖောက်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

Lithan Group သည် စင်ကာပူတွင် အခြေစိုက်ပြီး အာရှဒေသတွင် ပညာရေးကဏ္ဍကို ဦးဆောင်လုပ်ကိုင်နေခြင်း ဖြစ်သည်။ အာရှဒေသ၌ အိုင်တီ နည်းပညာကျောင်းပေါင်း ၇ ကျောင်းကို ဖွင့်လှစ်ထားသော Lithan Group သည် မြန်မာနိုင်ငံ၌ Lithan Technopreneur Accelerator ပရိုဂရမ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

# Internet Journal

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ် လိုင်ဇာအနီးတွင် ဧပြီ ၇ ရက် နံနက် ၇ နာရီချိန်တွင် KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၈ ၏ ရှေ့တန်းစခန်းအား လက်နက်ကြီးများဖြင့် နာရီဝက်ခန့်ကြာ ပစ်ခတ် တိုက်ခိုက်သည်ဟု KIO ၏ ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“နမ်ဆန်ယန်ကနေ အနောက်ဘက်ကို သွားတဲ့ ဘန်ဒေါင်ဆိုတဲ့ ရွာဟောင်းမှာ ဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှေ့တန်း ကာကင်းနေရာမှာ တပ်မတော်ဘက်က အင်အား ၅၀၊ ၆၀ လောက်နဲံ အဝေးကနေ လာပြီး လက်နက်ကြီးနဲ့ ဝိုင်းပစ်တယ်လို့ ကြားတယ်”ဟု မဇ္စျိမကို ပြောသည်။
တိုက်ပွဲ ဖြစ်ပွားရသည့်အကြောင်းအရင်း အသေးစိတ် မသိသေးသော်လည်း လိုင်ဇာ၏ အနောက်ဘက် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမပေါ်ရှိ နမ်ဆန်ယန်နှင့် ဘန်ဒေါင်ကျေးရွာအကြား KIAရှေ့တန်းစခန်းအား ရှင်းလင်းလိုသည့်သဘောရှိသည်ဟု သူက ပြောသည်။
”အသေးစိတ်တော့ မသိရသေးဘူး။ ကျွန်တော်ထင်တာက မြစ်ကြီးနား ဗန်းမော်ကားလမ်းရဲ့ အနောက်ဘက်မှာ ကျွန်တော်တို့ ရှေ့တန်းစခန်းတွေကို ဖြေရှင်းချင်တဲ့သဘောနဲ့ လာပစ်တယ်လို့ ယူဆပါတယ်။”ဟု သူက ဆက်လက် ပြောဆိုသည်။
လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော နေရာတွင် ၂၀၁၅ ခုနှစ်အတွင်းက KIO လိုင်ဇာဌာနချုပ်အနီး အစိုးရ စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားမှုမရှိတော့သော်လည်း ယခု ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သလို၊ အစိုးရသစ် တက်လာပြီးနောက် ပထမဆုံးအကြိမ် တိုက်ပွဲ ဖ်ြစ်ပွားရခြင်းလည်း ဖြစ်သည်။
သို့သော် မတ်လ ၂၈ ရက်က မန်စီမြို့နယ်ရှိ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေအတွင်း အစိုးရ စစ်တပ်အင်အား ၁၀၀ ကျော်က လှုပ်ရှားလာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုများ ရှိနေဆဲ ဖြစ်သည်။
ဧပြီ ၆ ရက်မှစတင်၍ လိုင်ဇာဌာနချုပ်တွင် လက်ရှိ အစိုးရသစ်နှင့်ငြိမ်းချမ်းရေး ဆွးနွေးနိုင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က အရပ်သားများ ပါဝင်သော “ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့”(Shawng lam Mungmasa Jasat Hpung- SMJH)၏ လုပ်ငန်းအစည်းအဝေး ကျင်းပနေချိန်လည်း ဖြစ်သည်။
Credit To >>> Mizzima Burmese

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄ဝ(က) အရ ထုတ်ပြန် သည့် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကို မတ် ၂၈ ရက်က ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၁ဝ၁၄/၂ဝ၁၆ ဖြင့် ထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ ပြင်ဆင်သည့်နည်းဥပဒေတွင် စာပိုဒ်(၁၄)ပိုဒ်ပါရှိပြီး ယင်းတွင် နည်းဥပဒေ၏အခေါ်အဝေါ်၊ နည်းဥပဒေခွဲ၊ နည်းဥပဒေခွဲငယ်များအလိုက် စကားရပ်များပယ်ဖျက်ခြင်း၊ အစားထိုးခြင်း၊ ဖြည့်စွက်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ထားရှိသည်။
အဆိုပါနည်းဥပဒေအား နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ ခရိုင်နှင့် မြို့နယ်အားလုံးသို့ ဖြန့်ဝေထားပြီး မြန်မာနိုင်ငံ ပြန်တမ်းတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
Credit To- MOI Webportal Myanmar

ပြည်ပမှရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များ၏ တရားမဝင်လမ်းကြောင်းမှ ငွေလွှဲပြောင်းမှုများကို စစ်ဆေးပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်က ပြောကြားသည်။

“သန်း ၁ဝဝ ရင်းမယ်ဆိုပြီး ၁ဝ သန်းကို အလွှဲပြ၊ သန်း ၉ဝ ကို အောက်လမ်းက ငွေလွှဲလုပ်ပြီး ဒီလုပ်ငန်းထဲမှာလာရင်းလို့ ပြန်စစ်လိုက်ရင်ပေါ်မှာပဲ။ ဒါက ငွေကြေးခဝါချတာ။ အဲဒီလုပ်ငန်းရှင်တွေကို စစ်ဆေးပေးဖို့လိုတယ်”ဟု ၎င်းကပြောဆိုသည်။
အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များကလည်း တရားဝင်ငွေချေးပေးမှသာ တရားမဝင်လုပ်ငန်းများ လျော့ကျသွားမည်ဖြစ်ကာ လုပ်ငန်းရှင်များအနေနှင့်လည်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး ငွေကြေးခဝါချခြင်းနှင့် ပတ်သက်၍ တိကျပြတ်သားသည့် ဥပဒေများဖြစ်စေရန် ပြန်လည်ဆန်းစစ်ရေးဆွဲခြင်းများ ပြုလုပ်လျက်ရှိကြောင်း ၎င်းကရှင်းပြသည်။
ငွေကြေးခဝါချခြင်းနှင့်ပတ်သက်၍ နောင်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအပြင် အစိုးရသစ်နှင့်ပါ ပူးပေါင်းဆာင်ရွက်သွားမည်ဖြစ်ပြီး ဧပြီလ ၇ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့မှ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်း၍ ငွေရေးကြေးရေးမဟုတ်သော အဖွဲ့အစည်းများ သတင်းပို့ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကုန်သည်/ စက်မှုအသင်းချုပ်တွင် ကျင်းပခဲ့ကြောင်း ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကျော်ဝင်းသိန်းက ပြောဆိုသည်။
Credit To >>> The Voice Weekly

မြန်မာနိုင်ငံ အတွင်း သတ္တု အများဆုံး ထွက်ရှိသည့် ချင်းပြည်နယ်၌ မြေအောက် သတ္တုတူးဖော်ရေး လုပ်ငန်း ကို ၂ဝ၁၆ ခုနှစ်တွင် သြစတြေးလျနိုင်ငံရှိ First Light Mandalay Mining & Metals ကုမ္ပဏီနှင့် အိန္ဒိယ နိုင်ငံရှိ Balasore Alloys ကုမ္ပဏီတို့မှ တာဝန်ယူ လုပ်ဆောင်ရန် လျှောက်ထားကြောင်းချင်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''ဒီကုမ္ပဏီ နှစ်ခုက လက်ရှိ ချင်းပြည်နယ် အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ မြေအောက် သတ္တုတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်ဖို့ လျှောက်ထားတယ်။ ကုမ္ပဏီ နှစ်ခုစလုံးက အတွေ့အကြုံရှိပြီး နည်းပညာ မြင့်မားတာကြောင့် ဒီကုမ္ပဏီ နှစ်ခုကိုပဲ လုပ်ကိုင်ခွင့် ပေးဖို့ ရာနှုန်းပြည့် အခြေအနေ ရှိပါတယ်။ ကုမ္ပဏီ နှစ်ခုစလုံးက မြေအောက် သတ္တုတူးဖော်တဲ့ အခါမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ကိုင်နိုင်မယ်လို့ စိတ်ချ ယုံကြည်ရပါတယ်'' ဟု ၎င်းက ပြောသည်။ ယင်း ကုမ္ပဏီများမှာ ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ၊ မင်းတပ်နှင့် ကန်ပက်လက် စသည့် မြို့တို့၌ မြေအောက် တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ နှစ်ခုအား ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ယခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန် ကြေညာသွားရန် စီစဉ်ထားကြောင်း သိရသည်။ ယင်း ကုမ္ပဏီ နှစ်ခုသည် ချင်းပြည်နယ်၌ အဆိုပါ လုပ်ငန်းအား လုပ်ကိုင်ခွင့် ရရှိခဲ့ပါက ငွေကျပ်သန်းနှင့်ချီ၍ အကုန်အကျခံ လုပ်ကိုင် သွားမည်ဖြစ်ပြီး အဆင့်မြင့် နည်းပညာများကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
Credit To >>> မြ၀တီ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကို လုပ်ကြံရန် စီစဉ်နေတဲ့ လူနှစ်ဦးကို ဖမ်းဆီးရရှိကြောင်း မြောက်ကိုရီးယား နိုင်ငံကနေ သတင်းထွက်လာပါတယ်။ North Hamgyong ပြည်နယ်ဟာ တရုတ်နယ်စပ်က ဖြစ်ပြီး ယင်းဒေသကို ကင်ဂျုံအန်အလည်ပတ်ရောက်တုန်းက စပိုင်နှစ်ဦးက ကင်ဂျုံအန်ကို ကြံစည်ရန် ရောက်ရှိနေခြင်း ဖြစ်ပါတယ်။
အစီစဉ်တစ်ခုလွဲချော်တာကြောင့် ယင်း လူနှစ်ဦးကို သိသွားပြီး နယ်စပ်စောင့် စစ်သားများက လိုက်လံဖမ်းဆီးရာ Tumen မြစ်တစ်ဖက်ကမ်းကို ကျော်ပါတယ်။ တရုတ်ပြည်အထိ လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ဦးဟာ မြောက်ကိုရီးယားနိုင်ငံသား ဖြစ်ပြီး ကင်ဂျုံအန်ကို ဆန့်ကျင်သူ ဖြစ်ပါတယ်။ နော်ကတစ်ယောက်ကတော့ တရုတ်နိုင်ငံသား ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ သူတို့ ဆန္ဒအတိုင်းပဲလား သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက စေခိုင်းမှုကြောင့်ပဲလားဆိုတာတော့ မသိပါဘူး။ ဖမ်းဆီးနိုင်ခဲ့တဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့သားများကိုလည်း ဆုများ ချီးမြင့်ခဲ့ကြောင်း ဆိုပါတယ်။
ယင်း သတင်းက မြောက်ကိုရီးယားအနေနဲ့ ၇ ကြိမ်မြောက် အလုပ်သမားပါတီ စုံညီအစည်းဝေး ကျင်းပခါနီးမှာ နိုင်ငံသားများကို သတင်းအတု ဖြန့်ခြင်း ဖြစ်လေလားဆိုတာ သံသယဖြစ်နေကြပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာမပါဝင်ခဲ့ရတာတောင် ပါဝင်ခဲ့တယ်ဆိုပြီးတော့ တစ်ချိန်က ကန်ဖူးတဲ့ ဘောလုံးပွဲတစ်ပွဲကို ပြည်သူတွေကို ရုပ်သံလိုင်းကနေ ပြသလိမ်လည်ခဲ့ဖူးပါတယ်။ ဒါကို ပြည်သူတွေလည်း မသိပါဘူး။
ကင်ဂျုံအန်သေပြီဆိုတဲ့ သတင်းမှားဟာလည်း ပြီးခဲ့တဲ့ လက်တလော အချိန်ကာလက ထွက်ရှိပါတယ်။ ယင်းသတင်းဟာဆိုရင် ကင်ဂျုံအန် ကျန်းမာရေးမကောင်းတော့တာကို အခြေခံပြီးတော့ ဆင့်ပွား တုယောင်ခဲ့ခြင်း ဖြစ်ပါတယ်။ မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ အမှန်တကယ်ပဲ ကျန်းမာရေး မကောင်း ဖြစ်နေပြီး လေးဘက်နာတဲ့ ဂေါက်ရောဂါ ဝေဒနာကို ခံစားနေရ ပါတယ်။
# Yoe Yar Lay

မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ပြစ်မှုပေါင်း ၂၁ မှု အရေးယူခဲ့ကာ ကျူးလွန်သူသုံးဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၂၃၁၆၆ ဒဿမ ၂၈ အထိ ရှိနေသည်ဟု မြန်မာငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (Myanmar Financial Intelligence Unit) မှ ဧပြီ ၇ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု စနစ်အတွင်း သတင်းပို့ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုင်ရာ အသိပညာပေးဟောပြောပွဲမှ သိရသည်။
ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးတွင် မဟာဗျူဟာကျသော အားနည်းချက်များ ရှိနေသည်ဟု ငွေကြေးဆိုင်ရာ လှုပ်ရှားရေးတပ်ဖွဲ့ (Financial Action Task Force -FATF)က မြောက်ကိုရီးယား၊ အီရန်နိုင်ငံတို့နှင့် တန်းတူသတ်မှတ်ခံထားရသည့် မြန်မာနိုင်ငံအနေ ဖြင့် FATF က မကြာမီ လာရောက်စစ်ဆေးမည် ဖြစ်သည့်အတွက် ကင်းလွတ်နိုင်သည့် အခွင့်အရေး ရနိုင်မည်ဖြစ်သည်။
“ FATF ရဲ့ စာရင်းက ပယ်ဖျက်ပေးမယ်ဆိုရင် ထိရောက်တဲ့ ငွေကြေးခ၀ါချမှု/အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး စနစ်အတွက် အခြေခံအုတ်မြစ်ရှိနေပြီ ဆိုတဲ့လက္ခဏာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်မှာ အပြန်အလှန် အကဲဖြတ်သုံးသပ်မှုနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်တဲ့အတွက် ငွေကြေးခ၀ါချမှုနဲ့ အကြမ်းဖက်မှုအပေါ်ငွေ ကြေးထောက်ပံ့မှုစနစ် ထိရောက်ကြောင်း ပြသရေးက အဓိက စိန်ခေါ်မှုဖြစ်နေတဲ့အတွက် ဆက် ပြီး လုပ်ဆောင်စရာတွေ အများကြီး ရှိနေပါသေးတယ်”ဟု UK-FIU တွင် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာ မားကပ်စ်စတီးဝပ်က ပြောကြားသည်။
နိုင်ငံများအနေနှင့် ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးများ လုပ်ဆောင်ရန် အစီအမံများ ဖြစ်သည့် ပြစ်မှုအဖြစ် သတ်မှတ်ရန် ကျယ်ပြောသော ဥပဒေမူဘောင်၊ ပြစ်မှု သို့မဟုတ် အကြမ်းဖက်မှုမှ ရရှိသော ငွေကြေးများကို နိုင်ငံ၏ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် ၀င်ရောက်ခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်းတို့ကို တားဆီးကာကွယ်ရန် တောင့်တင်းခိုင်မာသည့် အစီအမံများ ချမှတ်ထားသည့် ငွေကြေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း ကဏ္ဍများ၊ အဖွဲ့ အစည်းများနှင့် စီးပွားရေး လုပ်ငန်းများမှ လိုက်နာမှု သေချာစေရန် အားကောင်းသည့် အစီအမံများ ချမှတ်သည့် ကြီးကြပ်ရေးအဖွဲ့ အစည်းများနှင့် ယင်းပြစ်မှုများတွင် ပါဝင်သည့် လူများ၊ အဖွဲ့အစည်းများအပေါ် စုံစမ်းထောက်လှမ်းခြင်း၊ တရားစွဲဆိုခြင်းနှင့် တားဆီးနှိမ်နင်းခြင်းများ လုပ်ဆောင်ရန် သင့်တော်သည့် လုပ်ပိုင်ခွင့်အာဏာ ကျင့်သုံးသည့် တရားဥပဒေ စိုးမိုးရေးအဖွဲ့များရှိရန် လိုအပ်သည်။
မြန်မာနိုင်ငံသည် FATF နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသောနိုင်ငံအဖြစ် ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်လိုက်ပြီး ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံအား ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဆိုင်ရာ နည်းဥပဒေနှင့် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ပြဋ္ဌာန်းရန် ပျက်ကွက်လျက်ရှိခြင်းကြောင့် Counter Measure ဖြင့် စတင်အရေးယူခဲ့ပြီး လက်ရှိအချိန်အထိ အရေးယူမှု အဆင့်ဆင့်ဖြင့် ဆက်လက် လုပ်ဆောင်ခံရမှုများ ရှိနေသည်။
နိုင်ငံများအနေနှင့် မိမိတို့နိုင်ငံအပေါ် ကျရောက်နိုင်သည့် အန္တရာယ်များကို အကဲဖြတ်သုံးသပ်မှု ပြုလုပ်သည့်အခါ ယင်းအန္တရာယ်များကို နားလည်သဘောပေါက်နိုင်ရန် FATF စံနှုန်းများအရ ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့် အန္တရာယ်ဖြစ်နိုင်ချေ အကဲဖြတ်ခြင်း လုပ်ငန်းပြုလုပ်ထားရှိရန် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့် အဆိုပါ အကဲဖြတ်လုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အကူအညီဖြင့် စတင် လုပ်ဆောင်နေသည်။ မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ငွေကြေးခ၀ါချမှုပေါင်း ၇၀ ကျော်ကို အရေးယူစစ်ဆေးခဲ့ပြီး ကျပ်သန်းပေါင်း ၂၀၀၀၀ ကျော်ကို သိမ်းဆည်း အရေးယူနိုင်ခဲ့သည်။ သို့သော်မြန်မာနိုင်ငံတွင် ၁၉၆၀ ပြည့်နှစ်နှင့် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်းမှ ပြီးခဲ့သည့် စစ်အစိုးရနှင့် လက်ရှိအစိုးရလက်ထက် ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံမှ တရားမ၀င် စီးထွက်သွားသည့် ငွေကြေးစီးဆင်းမှုများနှင့် စီးဝင်လာခဲ့သည့် တရားမ၀င် ငွေကြေးစီးဆင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံထက်မနည်း ရှိခဲ့သည်ဟု မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၅၀ ကျော်အတွင်း တရားမ၀င် ငွေကြေးစီးဆင်းမှုများနှင့် ပတ်သက်၍ အမေရိကန်၊ ၀ါရှင်တန်အခြေစိုက် Global Financial Integrity အဖွဲ့က ၂၀၁၅ ခုနှစ် စက်တင် ဘာတွင် သတင်းထုတ်ပြန်ခဲ့သည်။
Credit To >>> Eleven Media Group


စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ လုပ်ငန်းများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတော်က သတ်မှတ် ထားသည့် အလုပ်ချိန်ပြင်ပ အချိန်ပိုဆင်းစေလိုပါက အချိန်ပိုနာရီကို တိကျမှန်ကန်စွာ တွက်ချက်၍ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပါက ဒဏ်ငွေ ငွေကျပ်သိန်း ၂ဝ ပေးဆောင်ရမည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
''ဥပဒေပြင်ပြီး နောက်ပိုင်း ပြစ်ဒဏ်တွေကို ဂရုစိုက်ရမယ်။ အရင်က ဒဏ်ကြေးက ငွေကျပ် ၃ဝဝဝဝ လောက်ပဲ ရှိတာ။ အခု ငွေကျပ်သိန်း ၂ဝ ဖြစ်နေပြီ။ အလုပ်ရှင်တွေဘက်က အချိန်ပိုကို အတိအကျ မတင်ပြတာတွေ ရှိတယ်။ ဒါကိုလိမ်ပြီး တင်ပြလို့ အရေးယူရတာ ရှိပါတယ်''ဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်ဝင်းက အလုပ်သမား ဥပဒေရေးရာ အသိပညာ ပေးဆွေးနွေးပွဲ၌ ပြောသည်။ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေကို ၂ဝ၁၆ ခုနှစ်တွင် ပြင်ဆင်ခဲ့ပြီး ဥပဒေတွင် အလုပ်ရှင်များသည် အချိန်ပို လုပ်ကိုင်လိုလျှင် ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုချက် ရယူရန်၊ ဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း အချိန်ပိုဆင်းစေရန်၊ အချိန်ပိုနာရီ တစ်ပတ်လျှင် ၁၂ နာရီထက် မပိုစေရန်၊ အလုပ်သမား တစ်ဦးကို တစ်ရက်လျှင် အလုပ်ချိန် ရှစ်နာရီနှင့် တစ်ပတ်လျှင် အလုပ်ချိန် ၄၈ နာရီ သတ်မှတ်ထားကြောင်း ပါရှိသည်။ အလုပ်ရုံ မန်နေဂျာနှင့် လုပ်ငန်းပိုင်ရှင်တို့သည် ၂ဝ၁၆ ခုနှစ် အလုပ်ရုံများ အက်ဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပါက ပုဒ်မ ၈၅ အရ သုံးလထက် မပိုသော ထောင်ဒဏ်နှင့် ငွေကျပ်သိန်း ၂ဝ အောက် မနည်းသော ငွေဒဏ်ကို ပြစ်ဒဏ်ချမှတ် ခံရနိုင်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။
Credit To >>> မြ၀တီ

 

အမေရိကန် ပင်တဂွန်စစ်ဌာန ချုပ်တွင် ကြယ်လေးပွင့်အဆင့်ရှိ ကြည်းတပ်နှင့် ရေတပ်ဗိုလ်ချုပ်ကြီး များအား တဖြည်းဖြည်းချင်းလျှော့ချ သွားမည်ဟု ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ဧပြီ ၅ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
"လာမယ့် ရက်သတ္တပတ်များ အတွင်း ကာကွယ်ရေးဌာနအနေနဲ့ စစ်ရုံးမှာ ကြယ်လေးပွင့်တပ်ဗိုလ်ချုပ် ကြီးများ ဖောင်းပွနေမှုအတွက် လျှော့ ချသွားမှာဖြစ်ပါတယ်" ကာတာက မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာ ရေးဌာနတွင် မိန့်ခွန်းပြောဆိုရာ၌ ထည့်သွင်းပြောဆိုခဲ့သည်။

"နောက်ဆိုရင် ကြယ်သုံးပွင့် တပ်ကြည်းတပ်နဲ့ ရေတပ်ဗိုလ်ချုပ် ကြီးများကို အစားထိုးခန့်အပ်သွားမှာ ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ရာမှာ ပိုမို အဆင်ပြေထိရောက်နိုင်မှာဖြစ်ပါ တယ်" ဟုလည်း ပြောဆိုခဲ့သည်။
ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် နှစ်ပေါင်း ၃၀ ကြာမြင့်စွာကျင့်သုံးနေ သောဥပဒေများကိုလည်း ပိုမိုကောင်း မွန်တိုးတက်အောင် ပြင်ဆင်ဆောင် ရွက်နေဆဲဖြစ်သူ ဝန်ကြီးအက်ရှ်ကာ တာ၏ ပြောဆိုချက်ပေါ်ထွက်လာ ခြင်းဖြစ်သည်။

၁၉၈၆ ခု ဂိုးလ်ဝါးတား နစ်ကိုး အက်ဥပဒေအရ ပင်တဂွန်၏အဆို ပြုချက်သည် တာဝန်ထမ်းဆောင် နေသော ပူးတွဲစစ်ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဒန်းဖို့၏ အခန်းကဏ္ဍ နှင့် အမေရိကန်တပ်ရင်းတပ်ဖွဲ့များ ၌ တာဝန်ထမ်းဆောင်နေကြသော တပ်မှူး၏အခန်းကဏ္ဍများနှင့်လည်း အကျုံးဝင်သည်ဟု ကာတာက ပြော ကြားလိုက်သည်။
Credit To >>> Democracy Today

<< Start < Prev 1 2 3 4 Next > End >>
Page 2 of 4