Wednesday, 01 February 2017 12:54

ခြစားမှုအရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ခဲ့မှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး စုံစမ်းစစ်ဆေးခံနေရ

Written by
Rate this item
(0 votes)
မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီးဖြစ်သည့် ယူဂျေကျုံးမှာ ၎င်းနိုင်ငံရှိ ခြစားမှုအရှုပ်တော်ပုံ၏ အဓိကပါဝင်ပတ်သက်သူဖြစ်သော ချိုင်ဆွန်းဆီလ်နှင့် ပတ်သက်မှုရှိခဲ့သူဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကောင်စီက စစ်ဆေးတွေ့ရှိခဲ့သည်။
 
ယင်းနိုင်ငံတွင် အာဏာပါဝါကို အလွဲသုံးစားလုပ်မှု၊ မလျော်ကန်သည့် သြဇာအာဏာသုံးပြီး အကျင့်ပျက်ခြစားမှုများ ကျူးလွန်ထားမှုများနှင့် ပတ်သက်၍ သမ္မတ ပက်ဂွမ်ဟေးနှင့် သူမ၏ အရင်းနှီးဆုံးမိတ်ဆွေ ချိုင်ဆွန်းဆီလ်တို့ ပါ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကောင်စီက စစ်ဆေးဖော်ထုတ်နေလျက်ရှိသည်။
 
ယင်းကိစ္စကြောင့် သမ္မတ၏ မိတ်ဆွေ ချိုင်ဆွန်းဆီလ်ကို အဓိက စစ်ဆေးမေးမြန်းနေလျက်ရှိပြီး သမ္မတ ပက် ကိုယ်တိုင်မှာလည်း ယခုအခါ သူမ၏ လုပ်ပိုင်ခွင့်အာဏာများ ရုတ်သိမ်းခံလိုက်ရပြီဖြစ်သည်။
 
ယခုကိစ္စတွင် သမ္မတ ပက်က သံအမတ်ကြီး ယူဂျေကျုံးကို ခန့်အပ်ရာတွင် သူမ၏ မိတ်ဆွေ ချိုင်ဆွန်းဆီလ်၏ ထောက်ခံမှုဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု သိရသည်။
 
" သံအမတ်ကြီး ယူဂျေကျုံးက သူ ချိုင်ရဲ့ ထောက်ခံမှုနဲ့ ခန့်အပ်ခံခဲ့ရတာဖြစ်တယ်လို့ ၀န်ခံလိုက်ပါပြီ" ဟု စုံစမ်းရေးကောင်စီမှ တာဝန်ရှိသူဖြစ်သည့် လီကျူချူလ်က ပြောသည်။
 
သံအမတ်ကြီး ယူဂျေကျုံးမှာ ယမန်နေ့နံနက်အစောပိုင်းက မိခင်နိုင်ငံသို့ ပြန်လာခဲ့ရပြီး စုံစမ်းမေးမြန်းခံနေခဲ့ရခြင်းဖြစ်သည်။
 
၎င်းမှာ ကနဦးပိုင်းက ငြင်းဆိုမှုများရှိခဲ့သော်လည်း နောက်ပိုင်းတွင် ချိုင်ဆွန်းဆီလ်နှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးကြောင်း ၀န်ခံပြောကြားခဲ့သည်။ မြန်မာနိုင်ငံရာထူးအတွက် ချိုင်၏ ထောက်ခံချက်ဖြင့် ခန့်အပ်ခံခဲ့ရကြောင်း ၀န်ခံသွားသည်။
 
ချိုင်အနေနဲ့ မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် ဖွံ့ဖြိုးရေးအကူအညီစီမံကိန်းတစ်ရပ်ဆီမှ အကျိုးအမြတ်များ ရရှိနိုင်ရန် ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
 
နိုင်ငံမှာ ကုမ္ပဏီများအတွက် အကူအညီဖြစ်ရန်အတွက် တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးမြို့တစ်ခု ထူထောင်ဖန်တီးရန် ဒေါ်လာ ၆၄ ဒသမ ၅ သန်း ရင်းနှီးမြုပ်နှံရန် စီစဉ်ထားခဲ့ကြောင်း၊ ယင်းစီမံကိန်းကို ချိုင် ထိန်းချုပ်သည့် Mi-R ဖောင်ဒေးရှင်းက စီမံခန့်ခွဲရန် စီစဉ်ထားကြောင်း သိရသည်။
 
မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ယူဂျေကျုံးမှာ Samsung Electro-Mechanics ၏ ဈေးကွက်နှင့် အရောင်းဌာနများတွင် နှစ်သုံးဆယ်ကြာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယင်းနောက် ယခုကဲ့သို့ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။
 
Credit To >>> Mizzima Burmese
Read 1486 times