Tuesday, 14 February 2017 10:06

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်း၏ သက်ရောက်မှုအနေဖြင့် အိမ်ခြံမြေ ရောင်း၊ ၀ယ်၊ ငှားလိုနှုန်း မြင့်မားလာနိုင်ပြီး အထူးသဖြင့် စက်မှုဇုန်များတွင် အိမ်ခြံမြေလုပ်ငန်းများ အားကောင်းလာနိုင်

Written by
Rate this item
(0 votes)

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်း၏ သက်ရောက်မှုအနေဖြင့် အိမ်ခြံမြေရောင်း၊ ၀ယ်၊ ငှားလိုနှုန်း မြင့်မားလာနိုင်ပြီး အထူးသဖြင့် စက်မှုဇုန်များတွင် အိမ်ခြံမြေလုပ်ငန်းများ အားကောင်းလာနိုင်ကြောင်း House.com.mm က ထုတ်ပြန်ထားသည်။

 

House.com.mm ၏ Co-founder and Managing Director ဖြစ်သူ Mr. Nitesh-Khirwal က “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က မကြာသေးမီက ပြုလုပ်လိုက်တဲ့ အပြောင်းအလဲတွေနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်က အိမ်ခြံမြေဈေးကွက်ပေါ် အများကြီး သက်ရောက်မှု ရှိနေပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ခုကို အာဆီယံရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ နိုင်ငံတကာက စံနှုန်းတွေအတိုင်း ပူးပေါင်းလိုက်တာကြောင့် အာဆီယံ နိုင်ငံတွေအကြား ရှင်းရှင်းလင်းလင်းနဲ့ ရင်းနှီးမြှုပ်မှုလုပ်ငန်းတွေကို တစ်သားတည်း ပြုလုပ်လာနိုင်ပါတယ်။ ဒီဥပဒေသစ်ကြောင့် စီးပွားရေးလုပ်ငန်းတွေကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်လာနိုင်တာနဲ့ အမေရိကန်ရဲ့ Sanction  ပယ်ဖျက်ပေးလိုက်တာကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဈေးကွက်ကို စိတ်ဝင်စားမှုတွေ မြင့်တက်လာပါတယ်။ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းရဲ့ သက်ရောက်မှုအနေနဲ့ စီးပွားရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်တဲ့ အိမ်ခြံမြေတွေ ရောင်း၊ ၀ယ်၊ ငှားလိုနှုန်း မြင့်မားလာနိုင်ပါတယ်။ အထူးသဖြင့် စက်မှုဇုန်ဘက်ခြမ်းတွေမှာ အိမ်ခြံမြေလုပ်ငန်းတွေ အားကောင်းလာနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

 

မြန်မာ့အိမ်ခြံမြေ ဈေးကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် နံပါတ် ၅ နေရာ အထိရောက်ရှိလာကြောင်း မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ သိရသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ အများစုသည် အိမ်ခြံမြေကဏ္ဍပေါ် အာရုံစိုက်လာကြသည့်အတွက် ဆက်ပြီးလည်း အရှိန်အဟုန်နှင့် တိုးတက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြောကြားခဲ့ကြောင်း ၊ ယခုနှစ်မှာအိမ်ခြံမြေကဏ္ဍမှ အလုပ်အကိုင် ပေါင်းခြောက်သောင်းကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း House.com.mm ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စင်ကာပူနိုင်ငံသည် အိမ်ခြံမြေကဏ္ဍတွင် အများဆုံး ၀င်ရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်နေပြီး ဟောင်ကောင်၊ ဂျပန်၊ ဗြိတိန်၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားတို့က အစဉ်လိုက် ရပ်တည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေရောင်းဝယ် ငှားလုပ်ငန်းများသည် ၂၀၁၆ခုနှစ်တွင် အေးနေခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုမှာ ကျမသွားခဲ့ကြောင်း၊ အဆင့်မြင့်အိမ်ရာ စီမံကိန်းများတွင် လွတ်နေသည့် အခန်းများမှာ ယခင်နှစ်များကထက် ပိုများလာခဲ့ကြောင်းနှင့် ၂၀၁၇ ခုနှစ်တွင် ပြီးစီးမည့် စီမံကိန်းများမှလည်း အများအပြားရှိနေကြောင်း House.com.mm က ထုတ်ပြန်ထားသည်။

၂၀၁၇ခုနှစ်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ပိုမိုအကောင်အထည် ဖော်လာနိုင်ဖွယ် ရှိနေကြောင်းနှင့် အဆင့်မြင့်အိမ်ရာ ဈေးကွက် ၊ ရုံးခန်းနေရာ ရောင်းဝယ်ငှား ဈေးကွက်များမှာ လတ်တလောတွင် ငြိမ်ချက်သား ကောင်းနေသော်လည်း များမကြာမီကာလများတွင် တဖြည်းဖြည်း တိုးတက်လာနိုင်သည်ဟု Oxford Business Group(OBG) က ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ SurbanaJurong Group CEO Wong Heang Fine နှင့် Meinhardt Group CEO Omar Shahzad တို့အား တွေ့ဆုံမေးမြန်း၍ သုံးသပ်အစီရင်ခံ တင်ပြထားကြောင်း သိရသည်။

Credit To >>> Eleven Media Group

 

Read 1356 times